Monday, 21 May 2012

စတုတ္ထအကြိမ် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကျင်းပရေး ပဏာမ အကြိုအစည်းအဝေး ကျင်းပပြီးစီး


(စင်္ကာပူ၊ မေ ၂၀)
စင်္ကာပူနိုင်ငံတွင် ၂၀၀၉ ခုနှစ်က စတင် ကျင်းပခဲ့သော ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား ကျင်းပရေး ပဏာမ အစည်းအဝေးကို ယနေ့ ညနေ ၆း၃၀တွင် စင်္ကာပူနိုင်ငံ ပင်နီစူလာ ပလာဇာ အနီးရှိ Fort Caning Park တွင် ကျင်းပခဲ့ရာ အမျိုးသားရေးကို ချစ်မြတ်နိုးသော ကရင် တိုင်းရင်းသားများ စုံစုံညီညီ တက်ရောက် ခဲ့ကြသည်။ 
အစည်းအဝေးတွင် စထွန်းထွန်းဦး၊ စကျော်ဟှိလာ၊ စောပိတီ၊ စောအောင်မြင့်ဝင်း၊ စောအဲဆယ်၊ စထင်လင်းထွဋ် နှင့် အခြား တက်ရောက်လာကြသော မျိုးချစ် ကရင် လူငယ်များက ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား  ကျင်းပရေး ဆိုင်ရာ အကြံပြုချက်များကို လွတ်လပ် ပွင့်လင်းစွာ တင်ပြ ဆွေးနွေးခဲ့ကြသည်။
စတုတ္ထ အကြိမ် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို ၂၀၁၂ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ (တနင်္ဂနွေနေ့) တွင်ကျင်းပရန် အကြမ်းဖျဉ်း သဘောတူညီ ခဲ့ကြသည်။ အခမ်းအနား ကျင်းပရန် ခန်းမ ရရှိမှုပေါ်တွင် မူတည်ကာ ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို အတည်ပြုရန် သဘောတူညီ ခဲ့ကြသည်။ 
ဘဏ္ဍာငွေ ရှာဖွေရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရာတွင် လက်ရှိ ပြုလုပ် ကျင့်သုံးလျှက်ရှိသော ရန်ပုံငွေ ရှာဖွေရေးတွင် အခြေခံရန် သဘောတူညီ ခဲ့ကြသည်။ 
ဖျော်ဖြေရေး ဆိုင်ရာများ ဆွေးနွေးရာတွင် ကရင်ဒုံးယိမ်း အကများ၊ ကရင့် တေးသရုပ်ဖော် အကများ၊ ကရင့် ရိုးရာသရုပ်ပြ အခန်းရပ် ပြဇာတ်များ၊ ကရင့်ရိုးရာ တေးဂီတ ဖျော်ဖြေမှုများဖြင့် ရသ အလှ စုံလင်စွာဖြင့် ယခင်နှစ်များနှင့် မတူ တမူထူးခြားစွာ တင်ဆက်ရန် ဆွေးနွေး တိုင်ပင်ခဲ့သည်။ ယခုနှစ် ကျင်းပသော ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားတွင် ကရင် တိုင်းရင်းသား မျိုးနွယ်စုံကို ပါဝင်ရန် နှိုးဆော်ခဲ့ပြီး၊ ကျင်းပရေး အခမ်းအနားတွင် ကရင် အမျိုးသား သီချင်းကို အရှေ့ပိုး၊ အနောက်ပိုး၊ စကော ဘာသာ သုံးမျိုးဖြင့် သီဆိုနိုင်ရန် အကြံပြုခဲ့သည်။ 
ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား ကျင်းပရေး ကော်မတီကို ဇွန်လ ၃ ရက်နေ့ ညနေတွင် ကျင်းပမည့် ဒုတိယအကြိမ် အစည်းအဝေးတွင် တင်သွင်းကာ ဆုံးဖြတ် အတည်ပြု ကြမည် ဖြစ်သည်။ 
ကရင့်ရိုးရာ တေးသရုပ်ဖော် အက တင်ဆက်နိုင်ရန် ကရင့် လူမှုရေး၊ အမျိုးသားရေး၊ ယဉ်ကျေးမှု စသည်တို့ကို ပေါ်လွင် စေနိုင်သည့် ကရင့်ရိုးရာ သီချင်းများကို Facebook စာမျက်နှာရှိ Karen Family တွင် တင်ပြ အကြံပြုရန်လည်း နှိုးဆော်ထားကြောင်း သက်ဆိုင်ရာက သတင်းရရှိပါသည်။
(သတင်း - မြောင်းမြကရင်လေး)

Tuesday, 8 May 2012

ဇွဲကပင် မျိုးချစ် ကရင်လူငယ်များ စုံညီ တွေ့ဆုံပွဲ ကျင်းပပြီးစီး


(စင်္ကာပူ၊ မေ ၆)
၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့က စင်္ကာပူ နိုင်ငံရောက် မျိုးချစ် ကရင် လူငယ်များဖြင့် စုပေါင်း ဖွဲ့စည်းထားသည့် ဇွဲကပင် မျိုးချစ် ကရင် လူငယ်များ အဖွဲ့ (စင်္ကာပူ)၏ စုံညီ တွေ့ဆုံပွဲ တစ်ခုကို ယနေ့ နံနက် ၁၁ နာရီက ဆန်တိုဆာ အပန်းဖြေ ကျွန်းရှိ ပါလာဝမ် ကမ်းခြေတွင် ကျင်းပခဲ့ကြသည်။ အဆိုပါ တွေ့ဆုံ စားသောက်ပွဲကို အဖွဲ့ နာယကကြီး စထွန်းထွန်းဦးက စတင် အဆိုပြု၊ မ,တည်ခဲ့ပြီး အသင်း ရံပုံငွေဖြင့် ပံပိုးကာ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မေလ ၁ ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့သော တွေ့ဆုံပွဲ ကျင်းပရေး ကြိုတင် အစည်းအဝေးတွင် အများသဘောအရ ဆန်တိုဆာ အပန်းဖြေကျွန်းကို ရွေးခြယ်ခဲ့ခြင်း ဖြစ်သည်။ ယနေ့ စုံညီ တွေ့ဆုံပွဲ အစပိုင်းတွင် နာယကကြီး စထွန်းထွန်းဦး၊ ဥက္ကဌ စကျော်ဟိလာ၊ အထူးဧည့်သည်တော် စောဒီးဒီး နှင့် အခြား အလုပ်အမှုဆောင်များက အမှာစကားများ ပြောကြားခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသော သူများ၏ အကြံပြုချက်များကို ညှိနှိုင်း ဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသော ဧည့်သည်များက ထမင်း၊ ဟင်း၊ ဆီထမင်း၊ လ္ဘက်သုပ်၊ ဘဲကင်၊ သင်္ဘောသီးထောင်း၊ အချိုရည် များဖြင့် ပျော်ပျော် ရွှင်ရွှင် စားသောက်ကြသည်။   
ဇွဲကပင် မျိုးချစ် ကရင် လူငယ်များ စုံညီ တွေ့ဆုံပွဲတွင်  ပျော်ပျော်ရွှင်ရွှင် ကစားနေကြစဉ် (ဓာတ်ပုံ-သတင်းနှင့် ပြန်ကြားရေး၊ ဇွဲကပင်မျိုးချစ်ကရင်လူငယ်များ အဖွဲ့ - စင်္ကာပူ)
စားသောက် ပြီးသောအခါ အမျိုးသမီးများ အတွက် ကံစမ်းမဲ အစီအစဉ် စတင်ရာ ဥက္ကဌကြီး စကျော်ဟိလာက ပေါက်မဲကို ကြေငြာပေးခဲ့ပြီး ပေါက်မဲပေါက်သူ နန့်ပိုးပိုးမင်းအား ကံစမ်းမဲ ပေးအပ်ခဲ့သည်။ ထို့နောက် အဖွဲ့ဝင်များက ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးဖြင့် ပျော်ပွဲရွှင်ပွဲများတွင် ပါဝင် ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သတင်း ရရှိပါသည်။
(သတင်း - မြောင်းမြကရင်လေး)

Sunday, 15 April 2012

၂၀၁၂ခုနှစ် မြန်မာ့ရိုးရာ သင်္ကြန်တွင် ဇွဲကပင် မျိုးချစ်လူငယ်များ ကရင်ဒုံးယိမ်းဖြင့် ဖျော်ဖြေ


(စင်္ကာပူ၊ ဧပြီ ၁၅)
စင်္ကာပူနိုင်ငံ ၀ရဓာတု ရတနာရာမ အသင်းတော် (ဓာတ်တော်တိုက်)က ကြီးမှူးကျင်းပသော န၀မ အကြိမ်မြောက် မြန်မာ့ရိုးရာ သင်္ကြန် ရေသဘင်ပွဲတော် အခမ်းအနားကို ယနေ့မနက် ၁၀း၀၀ နာရီတွင် No.2, Telok Blangah Street 31 Singapore 108942 ရှိ Yeo’s Building တွင် ကျင်းပခဲ့သည်။ 
ဇွဲကပင် မျိုးချစ်ကရင် လူငယ် ဒုံးယိမ်းအဖွဲ့အား စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ဆုချီးမြှင့်ရာ စောသန်းထွဋ်အောင်က လက်ခံရယူနေစဉ် (ဓာတ်ပုံ-သတင်းနှင့်ပြန်ကြားရေး၊ဇွဲကပင်မျိုးချစ်ကရင်လူငယ်အဖွဲ့)
အဆိုပါ အခမ်းအနားတွင် အသက် ၇၅နှစ်နှင့် အထက် သက်ကြီးပူဇော်ပွဲ၊ ငှက်လွှတ်ပွဲများကိုပါ ထည့်သွင်း ပြုလုပ်ခဲ့သည်။ ဖျော်ဖြေရေးအစီအစဉ်တွင် သင်္ကြန်အကများ၊ တိုင်းရင်းသားရိုးရာ အကများ၊ သင်္ကြန်တေး သရုပ်ဖော် အကများဖြင့် စုံလင်အောင် တင်ဆက် ခဲ့ကြသည်။ ဇွဲကပင် မျိုးချစ်ကရင် လူငယ်များကလည်း ကရင်ရိုးရာ ဒုံးယိမ်းအကဖြင့် တင်ဆက် ဖျော်ဖြေခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်း- မြောင်းမြကရင်လေး)

Sunday, 4 March 2012

ဇွဲကပင် မျိုးချစ် ကရင် လူငယ် အဖွဲ့ (စင်္ကာပူ) က ဥက္ကဌ နှင့်အဖွဲ့ ပအိုဝ်း အမျိုးသားနေ့ အခမ်းအနား တက်ရောက်

(စင်္ကာပူ မတ်လ ၄ ရက်)
ယနေ့ နေ့လည်ပိုင်းတွင် စင်္ကာပူ နိုင်ငံ Yeo’s Building တွင် ကျင်းပခဲ့သော စင်္ကာပူရောက် ပအိုဝ်း တိုင်းရင်းသား အဖွဲ့၏ ပဉ္စမ အကြိမ်မြောက် ပအိုဝ်း အမျိုးသားနေ့ အခမ်းအနားသို့ ဇွဲကပင် မျိုးချစ် ကရင် လူငယ်များ အဖွဲ့က ဥက္ကဌ စကျော်ဟှိလာ ဦးဆောင်သော အဖွဲ့က ဂုဏ်ပြု တက်ရောက်ကာ ဇွဲကပင် ကရင် မောင်မယ်များက ကရင်ရိုးရာ ဒုံးယိမ်းအကဖြင့် ဂုဏ်ပြု တင်ဆက် ခဲ့ကြောင်း သတင်းရရှိသည်။ 
အခမ်းအနားကို ယနေ့ နေ့လည် ၁၂ နာရီတွင် ပအိုဝ်း အမျိုးသား အလံတော်ကို အလေးပြုကာ ပအိုဝ်း အမျိုးသား သီချင်း သီဆိုပြီး စတင် ဖွင့်လှစ်ခဲ့သည်။ ဆက်လက်ပြီး ပအိုဝ်း အမျိုးသားနေ့ အခမ်းအနား ဖြစ်မြောက်လာပုံ သမိုင်း အကျဉ်းကို ပအိုဝ်း ဘာသာဖြင့် ခွန်ရေချမ်းက လည်းကောင်း၊ မြန်မာ ဘာသာဖြင့် ခွန်ဟန်မင်းအောင် တို့ကလည်းကောင်း အသီးသီး ဖတ်ကြား ခဲ့ကြသည်။ ထို့နောက် မွန်ပြည်နယ် သထုံမြို့ ပုဗ္ဗာရုံ ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ခေမာစာရ က ပေးပို့သော ပအိုဝ်း အမျိုးသားနေ့ သ၀ဏ်လွှာကို ခွန်ဟန်မင်းအောင်က ဖတ်ကြားခဲ့သည်။ 
ထို့နောက် တက်ရောက် လာကြသော တိုင်းရင်းသား အဖွဲ့များ၏ ရင်တွင်း ခံစားချက် မိန့်ခွန်းများကို ပြောကြားကြရာတွင် ဇွဲကပင် မျိုးချစ် ကရင် လူငယ်များ အဖွဲ့က ဥက္ကဌ စကျော်ဟှိလာ၊ ရှမ်း တိုင်းရင်းသား အဖွဲ့ (စင်္ကာပူ)က စိုင်းအုန်းကျော်၊ ကချင် တိုင်းရင်းသား အဖွဲ့ (စင်္ကာပူ)မှ မရန်း ၀ီလျှံ၊ မွန် တိုင်းရင်းသား အဖွဲ့ (စင်္ကာပူ)က နိုင်တောပနားအောင်၊ ရခိုင် တိုင်းရင်းသား အဖွဲ့ (စင်္ကာပူ)က ကိုသန်းထွန်းအေး တို့က အသီးသီး ခံစားချက် မိန့်ခွန်းများ ပြောကြားခဲ့ကြသည်။ ဆက်လက်ပြီး အခမ်းအနား ဖြစ်မြောက်ရေးအတွက် အဘက်ဘက်က ကူညီပေးခဲ့ကြသော ပုဂ္ဂိုလ်များအား ပအိုဝ်း တိုင်းရင်းသား အဖွဲ့ (စင်္ကာပူ)မှ ခွန်ထွန်းလင်းက ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်ခဲ့သည်။ ထို့နောက် ပအိုဝ်း တိုင်းရင်းသား အဖွဲ့ ဥက္ကဌ ကိုယ်စား ကျေးဇူးတင်စကားကို ခွန်ရေချမ်းက ပြောကြားခဲ့သည်။ ထို့နောက် ဇွဲကပင် မျိုးချစ် ကရင် လူငယ်များ အဖွဲ့၏ ခင်မင်မှု အထိမ်းအမှတ် မေတ္တာလက်ဆောင် ပန်းခြင်းကို သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ စထင်လင်းထွဋ်က ပေးအပ်ရာ ပအိုဝ်း တိုင်းရင်းသား အဖွဲ့ (စင်္ကာပူ)က ခွန်ထွန်းလင်းက လက်ခံ ရယူခဲ့သည်။ 
ပအိုဝ်း တိုင်းရင်းသား အဖွဲ့ (စင်္ကာပူ)၏ ပဉ္စမအကြိမ်မြောက် ပအိုဝ်း အမျိုးသားနေ့ အခမ်းအနားတွင် ဇွဲကပင် မျိုးချစ် ကရင်လူငယ်များက ကရင်ရိုးရာ ဒုံးယိမ်းအကဖြင့် ပါဝင် ဂုဏ်ပြုတင်ဆက်နေစဉ်

ဆက်လက် အခမ်းအနား အစီအစဉ် ဒုတိယပိုင်း၊ ဖျော်ဖြေရေး အစီအစဉ်များအား တင်ဆက်ရာတွင် ပအိုဝ်း ရိုးရာ သီချင်းများ၊ ပအိုဝ်း ရိုးရာ အကများ၊ ပအိုဝ်းရိုးရာ သိုင်းအကများအပြင် ရှမ်း တိုင်းရင်းသားများ၏ ရှမ်းရိုးရာ အက၊ ကချင် တိုင်းရင်းသားများ၏ ကချင်ရိုးရာ အက၊ ကရင် တိုင်းရင်းသားများ၏ ဒုံးယိမ်းအက၊ ရှမ်းရိုးရာ ဓါးသိုင်းအကများဖြင့် စုံစုံလင်လင် တင်ဆက်ခဲ့ကြသည်။ ထို့နောက် ပအိုဝ်း ရိုးရာ သီချင်းဖြင့် နောက်ဆုံးပိတ် ဖျော်ဖြေသီဆိုရာတွင် ကရင် တိုင်းရင်းသားများက ပအိုဝ်း တိုင်းရင်းသား များနှင့် စုပေါင်း ကပြခဲ့ကြပြီး အခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့ကြသည်။ ထို့နောက် ပအိုဝ်း တိုင်းရင်းသား အဖွဲ့ဝင်များနှင့် ကရင် တိုင်းရင်းသား အဖွဲ့ဝင်များ ချစ်ကြည်မှု မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ခဲ့ကြကာ ဇွဲကပင် မျိုးချစ် ကရင် လူငယ်များ အဖွဲ့က ဥက္ကဌနှင့် အဖွဲ့ဝင်များ ညနေ ၄း၁၅တွင် အခမ်းအနား ကျင်းပရာ ခန်းမမှ ပြန်လည် ထွက်ခွာသွားကြောင်း သက်ဆိုင်ရာက သတင်း ရရှိပါသည်။
(သတင်း - မြောင်းမြ ကရင်လေး)

Wednesday, 8 February 2012

ဇွဲကပင် မျိုးချစ် ကရင် လူငယ် အဖွဲ့ (စင်္ကာပူ) သုံးနှစ်ပြည့် နှစ်ပတ်လည် အစည်းအဝေး ကျင်းပ ပြီးစီး

(စင်္ကာပူ ဖေဖော်ဝါရီ ၅ ရက်)
               စင်္ကာပူ နိုင်ငံရောက် မျိုးချစ် ကရင် လူငယ်များဖြင့် စုပေါင်း ဖွဲ့စည်းထားသည့် ဇွဲကပင် မျိုးချစ် ကရင် လူငယ်အဖွဲ့ (စင်္ကာပူ) သည် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင် တင်ထောင်ခဲ့ရာ ယခု ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သုံးနှစ်ပြည့်မြောက် ခဲ့ပြီ ဖြစ်သည်။ ဇွဲကပင် မျိုးချစ် ကရင် လူငယ် အဖွဲ့ (စင်္ကာပူ) ၏ သုံးနှစ်ပြည့် နှစ်ပတ်လည် အစည်းအဝေး တစ်ရပ်ကို ယခုလ ၅ ရက်နေ့ ညနေ ၈း၀၀ က စင်္ကာပူနိုင်ငံ ပင်နီစူလာ ပလာဇာ အနီးရှိ Fort Caning Park တွင် ကျင်းပပြုလုပ်ခဲ့ရာ အသင်းဝင်များ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ဇွဲကပင် မျိုးချစ် ကရင် လူငယ်အဖွဲ့ (စင်္ကာပူ) ၏ နာယကကြီး တစ်ဦးဖြစ်သူ စထွန်းထွန်းဦးက အဖွင့် အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဥက္ကဌ စကျော်ဟိလာက မှာကြားစရာ ရှိသည်များကို မှာကြားခဲ့သည်။ ထို့နောက် ဘဏ္ဍာရေး ဆိုင်ရာ  ဆောင်ရွက်ခဲ့မှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဘဏ္ဍာရေးမှူး စောလှစိုးက လည်းကောင်း၊ သတင်းနှင့် ပြန်ကြားရေး ဆိုင်ရာ ဆောင်ရွက် ခဲ့မှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို စထင်လင်းထွဋ်က လည်းကောင်း၊ ဖျော်ဖြေရေး ဆိုင်ရာ ဆောင်ရွက်ခဲ့မှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို စောအောင်မြင့်ဝင်းက လည်းကောင်းနှင့် အဖွဲ့ဆိုင်ရာ လိုအပ်သည်များကို စည်းရုံးရေးမှူး စောအဲဆယ် (စောကျော်ထွန်းလင်း) တို့က အသီးသီး ရှင်းလင်း ပြောကြားခဲ့ကြပြီး လိုအပ်သည်များကို ညှိနှိုင်းကြကာ အခမ်းအနားကို ညနေ ၉း၀၀ ကျော်တွင် ရုပ်သိမ်းခဲ့ကြောင်း သက်ဆိုင်ရာက သတင်းရရှိပါသည်။
(သတင်း-ကရင်လေးမောင်ထင်)

Thursday, 26 January 2012

ဇွဲကပင်မျိုးချစ် ကရင်လူငယ်များအဖွဲ့ (စင်္ကာပူ) သုံးနှစ်ပြည့် နှစ်ပတ်လည် အထူး အစည်းအဝေး ဖိတ်ကြား

(စင်္ကာပူ - ဇန်န၀ါရီ ၂၆ရက်)
          စင်္ကာပူ နိုင်ငံရောက် ကရင် တိုင်းရင်းသားများဖြင့် စုပေါင်း ဖွဲ့စည်း ထားသော ဇွဲကပင် မျိုးချစ် ကရင် လူငယ် အဖွဲ့ (စင်္ကာပူ)၏ သုံးနှစ်ပြည့် နှစ်ပတ်လည် အထူး အစည်းအဝေး တစ်ရပ်ကို ယခု လာမည့် ဖေဖော်ဝါရီလ ၅ ရက် (ဖေဖော်ဝါရီလ ပထမပတ် တနင်္ဂနွေနေ့)တွင် လစဉ် အစည်းအဝေးများ ကျင်းပနေကျ နေရာဖြစ်သော ပင်နီစူလာ ပလာဇာအနီးရှိ  Fort Canning Park   တွင် ညနေ ၆း၀၀ တွင် စတင် ကျင်းပမည် ဖြစ်သည်။ အဆိုပါ သုံးနှစ်ပြည့် နှစ်ပတ်လည် အထူး အစည်းအဝေးသို့ ကရင် အမျိုးသားရေးကို ချစ်မြတ်နိုးသော ကရင် တိုင်းရင်းသားများ အားလုံး တက်ရောက်နိုင်ရန် သက်ဆိုင်ရာက ဖိတ်ကြား နှိုးဆော်ထားကြောင်း သတင်း ရရှိသည်။ 

          အဆိုပါ ဇွဲကပင် မျိုးချစ် ကရင် လူငယ်များ အဖွဲ့ (စင်္ကာပူ)ကို လွန်ခဲ့သည့် ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စင်္ကာပူရောက် ကရင် တိုင်းရင်းသားများအား အခက်အခဲ ကြုံသည့်အခါ လိုအပ်သလို အကူအညီပေး ကြည့်ရှု ကူညီ စောင့်ရှောက် နိုင်ရေး၊ ကရင့် အမျိုးသားရေး တာဝန်များကို ရောက်ရာ နေရာတွင် ကရင် တိုင်းရင်းသားများ စုစည်းကာ စွမ်းစွမ်းတမံ ဖော်ဆောင်နိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် စင်္ကာပူရောက် ကရင် လူငယ်များက စတင် ဖွဲ့စည်း တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ သက်တမ်း သုံးနှစ်တာ ကာလ အတွင်းတွင် စင်္ကာပူ နိုင်ငံတွင် တစ်ကြိမ်တစ်ခါမှ ကျင်းပ ပြုလုပ်နိုင်ခြင်း မရှိခဲ့သည့် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ (လက်ချည်ပွဲ) များကို တတိယ အကြိမ်အထိ နှစ်စဉ် ကျင်းပ ပြုလုပ် ပေးနိုင်ခဲ့ပြီး ဖြစ်သည်။ နှစ်စဉ်လည်း စင်္ကာပူ နိုင်ငံ ကရင် နှစ်သစ်ကူး ပွဲများကို တက်တက်ကြွကြွ ပူးပေါင်း ကျင်းပခဲ့ ရုံသာမက၊ ကရင် အမျိုးသား နှစ်သစ်ကူး ပွဲတော် အထိမ်းအမှတ် အဖြစ် နှစ်စဉ် ဘုန်းတော်ကြီး ကျောင်းများတွင် ဆွမ်းကပ် အလှူပွဲများ ကျင်းပလျှက် ရှိသည်။
(သတင်း - ကရင်လေးမောင်ထင်)

Monday, 26 December 2011

၂၇၅၁နှစ်မြောက် ကရင့်ရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပပြီးစီး

(စင်္ကာပူ ဒီဇင်ဘာ ၂၅ရက်)
           ယနေ့ ပြာသိုလဆန်း (၁)ရက်နေ့တွင် ကျရောက်သော ၂၇၅၁နှစ်မြောက် ကရင့်ရိုးရာ နှစ်သစ်ကူး ပွဲတော် အခမ်းအနားကို စင်္ကာပူနိုင်ငံ အမှတ် (7)၊ Shenton Way ရှိ Singapore Conference Hall တွင် ညနေ ၅ နာရီ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ အခမ်းအနားသို့ စင်္ကာပူရောက် ကရင် တိုင်းရင်းသားပေါင်း နှစ်ထောင်ခန့် တက်ရောက်ခဲ့ကြသည်။ ရှမ်းတိုင်းရင်းသား မိသားစု (စင်္ကာပူ)နှင့် ပအိုးဝ် တိုင်းရင်းသား မိသားစု (စင်္ကာပူ) တို့ကလည်း အဆိုပါ နှစ်သစ်ကူးပွဲတော် အခမ်းအနားကို ဂုဏ်ပြု တက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို အစီအစဉ် နှစ်ပိုင်း ခွဲကာ ကျင်းပခဲ့ရာ ပထမပိုင်းတွင် ၂၇၅၁နှစ်မြောက် ကရင်ရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပရေး အခမ်းအနား သဘာပတိကြီး စကျော်ဃှိလာက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ကရင် တိုင်းရင်းသား လူမျိုးစု ဘာသာ စကားများဖြင့် ကျေးဇူးတင် စကား ပြောဆိုခြင်း အစီအစဉ်တွင် အရှေ့ပိုး ကရင် ဘာသာ စကားဖြင့် စောမုန်တိုင်းက လည်းကောင်း၊ အနောက်ပိုး ကရင် ဘာသာ စကားဖြင့် နန့်စိုးနွယ်အောင်က လည်းကောင်း၊ စကော ကရင် ဘာသာ စကားဖြင့် နော်ဘလက်ဇင်းက လည်းကောင်း၊ ဘွဲကရင် ဘာသာ စကားဖြင့် စောကောင်စီဝါးက လည်းကောင်း၊ ကယား ဘာသာ စကားဖြင့် မော်ဆယ်တယ်ခဲက လည်းကောင်း အသီးသီး ကျေးဇူးတင်စကား ပြောကြားသွားခဲ့ကြသည်။ ထို့နောက် အထူး ဖိတ်ကြားထားသော ဧည့်သည်တော် တစ်ဦးဖြစ်သူ ကရင် တိုင်းရင်းသား စာရေးဆရာ မန်းလင်းမြတ်ကျော်က ကရင် တိုင်းရင်းသားတို့အတွက် မှတ်သားဖွယ်ရာများကို ပြောကြားခဲ့သည်။ ဆက်လက်၍ ၂၇၅၁ခုနှစ် ကရင်နှစ်သစ်ကူး အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သော ပထမ ဆုရအသင်း၊ အကောင်းဆုံး ဘောလုံးသမားဆု၊ ဂိုးအများဆုံး သွင်းနိုင်သော ဘောလုံးသမားဆုတို့နှင့် ပြီးခဲ့သည့် စာသင်နှစ်တွင် GCE O စာမေးပွဲကို ထူးချွန်စွာ ဖြေဆို အောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများကို ဆုချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ၂၇၅၁နှစ်မြောက် ကရင် အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟို ကော်မတီမှ ဖထီး စောသူးသူးပေါလ်က ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနား အစီအစဉ် ပထမပိုင်း ပြီးဆုံးခဲ့သည်။
၂၇၅၁နှစ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်တွင် အရှေ့ပိုးကရင် လူငယ်များက ဒုံးအက တင်ဆက်နေစဉ်

           ထို့နောက် အခမ်းအနား အစီအစဉ် ဒုတိယပိုင်းကို ဆက်လက်တင်ဆက်ရာတွင် အရှေ့ပိုး ကရင် တိုင်းရင်းသား တိုင်းရင်းသူများ၏ ရိုးရာဒုံးယိမ်းအကနှင့် တေးဂီတ ဖျော်ဖြေမှု၊ အနောက်ပိုး ကရင် တိုင်းရင်းသား တိုင်းရင်းသူလေးများ၏ တေးဂီတများ၊ စကော ကရင် တိုင်းရင်းသား တိုင်းရင်းသူလေးများ၏ ဒုံးယိမ်းအက၊ ၀ါးညှပ်အကတို့ဖြင့် စုံလင်စွာ တင်ဆက်ခဲ့ကြသည်။ တင်ဆက်မှုများ တင်ဆက်နေစဉ် အတွင်းတွင် အကူအညီ လိုအပ်နေသော ကရင် ဒေသများသို့ ပေးပို့လှူဒါန်းနိုင်ရန် အလှူငွေများ ကောက်ခံခဲ့ရာ စင်္ကာပူဒေါ်လာ ၆၀၀၀ကျော်၊ မြန်မာကျပ်ငွေ ၁၀၀၀ကျပ်၊ မလေးရှား ရင်းဂစ် ၂၀၀ကျော် ကောက်ခံရရှိခဲ့သည်။ အဆိုပါ ကောက်ခံရရှိသော ငွေကြေးများကို သက်ဆိုင်ရာ ဒေသများသို့ ဆက်လက် ပေးပို့ လှူဒါန်းသွားမည် ဖြစ်သည်။ အခမ်းအနားကို ယနေ့ည ၁၀ နာရီခန့်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်း-မြောင်းမြကရင်လေး)

Monday, 12 December 2011

ကရင်နှစ်သစ်ကူးပွဲတော်အတွက် ဇွဲကပင်မျိုးချစ်လူငယ်များ အင်တိုက်အားတိုက် အဆို၊ အကတိုက်နေကြ

(စင်္ကာပူ ဒီဇင်ဘာ ၁၂ရက်)
ယခုနှစ် ဒီဇင်ဘာလ ၂၅ရက်နေ့ ညနေ ၅နာရီတွင် Shenton Way, No.7 Singapore 068810 ရှိ Singapore Conference Hall တွင် ကျင်းပပြုလုပ်မည့် ၂၇၅၁နှစ်မြောက် ကရင် အမျိုးသား နှစ်သစ်ကူး ပွဲတော် အခမ်းအနားတွင် ပါဝင် တင်ဆက်ဖျော်ဖြေနိုင်ရန် ကရင် ရိုးရာ ဒုံးယိမ်းအကများနှင့် ကရင့် ရိုးရာ သီချင်းများကို ဇွဲကပင် မျိုးချစ်ကရင် လူငယ်များအဖွဲ့ (စင်္ကာပူ)က ကရင် ညီအစ်ကို မောင်နှမများက တက်ကြွစွာ အဆို၊ အက တိုက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။ အဆိုပါ ဇွဲကပင် မောင်နှမများသည် စင်္ကာပူ နိုင်ငံ ပင်နီစူလာ ပလာဇာအနီးရှိ စုရပ်တစ်ခုတွင် တနင်္ဂနွေနေ့ ညနေတိုင်း အဆို၊ အက တိုက်လျှက်ရှိသည်။ 
၂၀၁၁ ဒီဇင်ဘာလ ၁၁ရက်နေ့ ညနေက ဇွဲကပင် မျိုးချစ်လူငယ်များ နှစ်သစ်ကူးအတွက် အက တိုက်နေကြစဉ်

(သတင်း မြောင်းမြကရင်လေး)

Sunday, 11 December 2011

၂၇၅၁နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား ဒီဇင်ဘာ ၂၅ တွင် ကျင်းပမည်

(စင်္ကာပူ၊ ဒီဇင်ဘာ ၁၁ရက်)
ကရင် တိုင်းရင်းသားတို့၏ အထူး အလေးအမြတ်ထားရာ ရက်မြတ် တစ်ခုဖြစ်သည့် ကရင် အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားကို စင်္ကာပူနိုင်ငံတွင် ယခုနှစ် ဒီဇင်ဘာလ (၂၅) ရက်နေ့ ညနေ ၅နာရီတွင် ကျင်းပ ပြုလုပ်မည် ဖြစ်သည်။ ယခုနှစ် ကျင်းပသည့် နှစ်သစ်ကူးပွဲတော်သည် ကရင်သက္ကရာဇ် ၂၇၅၁ နှစ်မြောက် ဖြစ်သည်။ ကရင် လူမျိုးများသည် နှစ်စဉ် ကရင်လ သလေး ထိုင်ခုတ်ဖို (ပြာသို) လဆန်း တစ်ရက်နေ့ကို ကရင် နှစ်သစ်ကူးနေ့အဖြစ် တရားဝင် သတ်မှတ်ပြီး အထိမ်းအမှတ်ပွဲများကို ကျင်းပ ပြုလုပ်လျှက်ရှိကြသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတွင်းရှိ ကရင် တိုင်းရင်းသားများ သာမက နိုင်ငံတကာသို့ အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေကြသော ကရင် တိုင်းရင်းသားများပါမကျန် အထူး အလေးအမြတ်ထားကာ အဆိုပါ နှစ်သစ်ကူးပွဲတော်ကို ကျင်းပလျှက်ရှိကြသည်။ စင်္ကာပူနိုင်ငံတွင် ယခုနှစ် ကျင်းပမည့် ကရင် အမျိုးသား နှစ်သစ်ကူးပွဲတော် အခမ်းအနားကို စင်္ကာပူနိုင်ငံ Shenton Way, No. 7 Singapore 068810 ရှိ Singapore Conference Hall တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြမည် ဖြစ်သည်။ အဆိုပါ အခမ်းအနားတွင် ကရင်အမျိုးသား အလံတော်အား အလေးပြုခြင်း အစီအစဉ်၊ ကရင် ထူးချွန်လူငယ်များအား ဆုပေးခြင်း အစီအစဉ်၊ ဟောပြောပွဲ အခမ်းအနား အစီအစဉ်များသာမက၊ စင်္ကာပူရောက် ကရင် တိုင်းရင်းသားများက တင်ဆက်ကြသည့် ဒုံးယိမ်းအကများ၊ ကရင် တေးသံသာများကို ဝေေ၀ဆာဆာ ခံစားရှုမြင်ရမည်ဖြစ်ကြောင်း သက်ဆိုင်ရာက သတင်းရရှိပါသည်။ အဆိုပါ အခမ်းအနား ကျင်းပမည့် Tanjong Pagar ရထားဘူတာရုံ၏ ထွက်ပေါက် (Exit) E မှ လေးမိနစ်ခန့် လမ်းလျှောက်လျှင် ရောက်နိုင်မည် ဖြစ်သည်။ အခမ်းအနား ကျင်းပရာ အဆောက်အအုံသည် Shenton Way လမ်းပေါ်တွင်ရှိပြီး DBS Building Tower 1 နှင့် မျက်နှာချင်းဆိုင် ဖြစ်သည်။ နေရာ အသေးစိတ်သိလိုပါက ဒီနေရာ ကို နှိပ်ပြီး ကြည့်နိုင်ပါသည်။
(သတင်း-ကရင်လေး မောင်ထင်)

Saturday, 19 November 2011

၂၇၅၁နှစ်မြောက် ကရင်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အလှူဒါန ပြုမည်


(စင်္ကာပူ - နိုဝင်ဘာ ၁၉ ရက်)
ဇွဲကပင် မျိုးချစ် ကရင်လူငယ်အဖွဲ့ (စင်္ကာပူ)က ကရင် အမျိုးသား နှစ်သစ်ကူး ပွဲတော် အထိမ်းအမှတ်အဖြစ် နှစ်စဉ် ပြုလုပ် လှူဒါန်းနေကျဖြစ်သော ဆွမ်းကျွေးအလှူကို ခရစ်နှစ် ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၈ ရက်နေ့ (တနင်္ဂနွေနေ့) တွင် စင်္ကာပူနိုင်ငံ Kallang MRT အနီး၊ No: 59, Lor 4 Geylang Singapore 399297 တွင် တည်ရှိသော ရွှေတိဂုံအသင်းတော် ဓာတ်တော်တိုက် မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် ဘုရားအမှူးရှိသော သံဃာတော် အရှင်မြတ်များအား နေ့ဆွမ်းဆပ်ကပ် လှူဒါန်းမည်ဖြစ်သည်။ အဆိုပါ အလှူပွဲ ကျင်းပရေးကိစ္စကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့က ကျင်းပခဲ့သော အထူးအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုခဲ့ခြင်း ဖြစ်သည်။ စင်္ကာပူနိုင်ငံရောက် မျိုးချစ် ကရင်ညီအကို မောင်နှမ အားလုံးအားလည်း ကြွရောက် သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန်လည်း နှိုးဆော်ထားကြောင်း သတင်းရရှိပါသည်။
(သတင်း - ကရင်လေးမောင်ထင်)

Wednesday, 16 November 2011

ကရင် နှစ်သစ်ကူး ကျင်းပရေး ဗဟို ကော်မတီ (စင်္ကာပူ) က ထူးချွန် ကျောင်းသား စာရင်း စတင်လက်ခံ

(စင်္ကာပူ၊ နိုဝင်ဘာ ၁၆)
လာမည့် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် စင်္ကာပူနိုင်ငံတွင် ကျင်းပမည့် ကရင် သက္ကရာဇ် ၂၇၅၁ နှစ်မြောက် ကရင် အမျိုးသား နှစ်သစ်ကူး ပွဲတော် အခမ်းအနားတွင် ထူးချွန် ကရင် လူငယ်၊ မောင်မယ်များအား ပညာရည်ချွန် ဆုပေးခြင်း အစီအစဉ်အား ထည့်သွင်း ကျင်းပမည် ဖြစ်သည်။  ၂၀၁၀ခုနှစ်အတွင်းတွင် GCE O Level စာမေးပွဲကို အခြားနိုင်ငံများတွင် ဖြေဆိုအောင်မြင်ခဲ့ပြီး လက်ရှိ စင်္ကာပူနိုင်ငံတွင် ရောက်ရှိနေသူ၊ ၂၀၁၀ခုနှစ်အတွင်းတွင် GCE O Level စာမေးပွဲကို စင်္ကာပူနိုင်ငံတွင် ဖြေဆိုခဲ့ပြီး ဖြေဆိုခဲ့သည့် ဘာသာရပ်တစ်ခုခုတွင် Grade A1 (သို့) A2 ရရှိထားသူ၊ ၂၀၁၀ခုနှစ်အတွင်းတွင် GCE O Level စာမေးပွဲကို British Council ကဲ့သို့ အခြား စာစစ်ဌာနများတွင် ဖြေဆိုခဲ့ပြီး ဖြေဆိုခဲ့သည့် ဘာသာရပ် တစ်ခုခုတွင် Grade A နှင့် အထက် ရထားသူများ သည် အောင်လက်မှတ် မိတ္တူ၊ ကရင် ရိုးရာ ၀တ်စုံဖြင့် ရိုက်ကူးထားသော passport အရွယ်အစား ဓာတ်ပုံ တစ်ပုံနှင့်အတူ အရှေ့ပိုး ကရင် တိုင်းရင်းသားများက စကျော်ဟိလာ (kyawhila@gmail.com, Phone 9423 7139)၊ အနောက်ပိုးကရင် တိုင်းရင်းသားများက ဖထီး မန်းသိန်းစီ (thein_si@yahoo.com, Phone: 9060 0834)၊ စကော ကရင်နှင့် အခြား ကရင် လူမျိုးစု တိုင်းရင်းသားများက စောဆာလောလ (sawsahlawla@gmail.com,  Phone: 9622 9176) တို့ထံသို့ ဒီဇင်ဘာလ (၁၁) ရက်နေ့ နောက်ဆုံးထားပြီး အီးမေးလ်ပို့ လျှောက်ထားနိုင်ကြောင်း  သက်ဆိုင်ရာက သတင်းရရှိပါသည်။
(သတင်း-မြောင်းမြကရင်လေး)

Sunday, 13 November 2011

ဇွဲကပင်မျိုးချစ် ကရင်လူငယ်အဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ ၂၁၀၆နှစ်မြောက် ရှမ်းနှစ်သစ်ကူးနေ့ အခမ်းအနား တက်ရောက်

(စင်္ကာပူ - နိုဝင်ဘာ ၁၂ ရက်)
စင်္ကာပူ ရှမ်းတိုင်းရင်းသား မိသားစုက ဦးစီးကျင်းပသော ၂၁၀၆ နှစ်မြောက် ရှမ်းနှစ်သစ်ကူးနေ့ အထိမ်းအမှတ်ပွဲတော်ကို ယနေ့ ညနေ ၆ နာရီမှ ည ၁၁ နာရီအထိ စင်္ကာပူနိုင်ငံ Kreta Ayer People's Theatre တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ဇွဲကပင်မျိုးချစ် ကရင်လူငယ်အဖွဲ့ (စင်္ကာပူ)က ဥက္ကဌ စကျော်ဟိလာနှင့် အဖွဲ့ဝင်များလည်း ဂုဏ်ပြု တက်ရောက်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် ရှမ်းရိုးရာ အက၊ အလှ ဖျော်ဖြေမှုများအပြင် နာမည်ကျော် အဆိုတော်များဖြစ်ကြသော ဟန်ထွန်း၊ မေခလာ တို့ရဲ့ တေးသံသာများဖြင့် တင်ဆက်ခဲ့ကြသည်။ 
ဇွဲကပင်မျိုးချစ် ကရင်လူငယ်အဖွဲ့ (စင်္ကာပူ)က သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ စထင်လင်းထွဋ်နှင့် နန့်ပိုးပိုးမင်းတို့က ရှမ်းတိုင်းရင်းသားမိသားစု အား အမှတ်တရ မေတ္တာလက်ဆောင် ပန်းခြင်း ပေးအပ်စဉ်
အခမ်းအနားတွင် ဇွဲကပင် မျိုးချစ် ကရင်လူငယ်အဖွဲ့ (စင်္ကာပူ) က တာဝန်ရှိသူများက စင်္ကာပူ ရှမ်းတိုင်းရင်းသား မိသားစု အား ၂၁၀၆နှစ်မြောက် ရှမ်းနှစ်သစ်ကူးနေ့ အမှတ်တရ မေတ္တာလက်ဆောင် ပန်းခြင်းကို ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်း - မြောင်းမြကရင်လေး)

Sunday, 7 August 2011

တတိယအကြိမ် ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး

(စင်္ကာပူ၊ သြဂုတ်လ ၇ ရက်)
စင်္ကာပူရောက် မျိုးချစ် ကရင် လူငယ်များဖြင့် စုစည်း တည်ထောင်ထားသော ဇွဲကပင် မျိုးချစ် ကရင် လူငယ် အဖွဲ့ (စင်္ကာပူ) က ကြီးမှူး ကျင်းပသည့် တတိယအကြိမ်မြောက် ရိုးရာ လက်ချည်ပွဲတစ်ရပ်ကို ယနေ့ ညနေ ၃ နာရီမှ ည ၈ နာရီအထိ စင်္ကာပူနိုင်ငံ အမှတ် ၁၆၅ Sims Avenue ရှိ Harvest Care Center ၏ စတုတ္ထထပ်တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြီးစီးခဲ့သည်။ သတင်းဆက်လက်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ။

Wednesday, 3 August 2011

တတိယအကြိမ် ကရင့်ရိုးရာ လက်ချည်ပွဲတွင် ပအိုဝ်း မိသားစု (စင်္ကာပူ)က ပအိုဝ်းရိုးရာအကဖြင့် ဖျော်ဖြေမည်

(စင်္ကာပူ သြဂုတ်လ ၃ ရက်)
 ယခုလ ၇ ရက်နေ့တွင် စင်္ကာပူနိုင်ငံ Sims Avenue အမှတ် ၁၆၅ ရှိ Harvest Care Center တွင် ကျင်းပပြုလုပ်မည့် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားတွင် ပအိုဝ်းမိသားစု(စင်္ကာပူ)က ပအိုဝ်းရိုးရာ တိုင်းရင်းသားအကဖြင့် အားဖြည့် တင်ဆက် ဖျော်ဖြေမည် ဖြစ်ကြောင်း သက်ဆိုင်ရာက သတင်းရရှိပါသည်။ သတင်း ဆက်လက်ဖတ်ရှုရန် ဒီနေရာကိုနှိပ်ပါ။

Friday, 15 July 2011

တတိယအကြိမ် ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနား ဖိတ်ကြား

(စင်္ကာပူ ဇူလိုင်လ ၁၃ရက်)
ချစ်ခင်လေးစားရပါသော ရွှေကရင် ညီအကို မောင်နှမ အပေါင်းတို့....
လာမည့် ၂၀၁၁ခုနှစ် သြဂုတ်လ ၇ ရက်နေ့ ညနေ ၃း၀၀နာရီမှ ည၈း၀၀နာရီအထိ စင်္ကာပူနိုင်ငံ Sims Avenue No 165 ရှိ Harvest Care Center စတုတ္ထထပ် Function Hall တွင် စင်္ကာပူနိုင်ငံရောက် မျိုးချစ်ကရင်များဖြင့် စုစည်းတည်ထောင်ထားသည့် ဇွဲကပင် မျိုးချစ် ကရင် လူငယ်အဖွဲ့ (စင်္ကာပူ)က ဦးစီးကာ ဆင်ယင်ကျင်းပမည့် တတိယ အကြိမ် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို မျိုးချစ်စိတ်ဓါတ် အရင်းခံကာ မပျက်မကွက် ကြွရောက်ပြီး တက်ရောက် ချီးမြှင့်ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်.... သတင်း ဆက်လက်ဖတ်ရှုရန် ဒီနေရာကိုနှိပ်ပါ။

Sunday, 10 July 2011

တတိယအကြိမ် ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး စည်းဝေး

(စင်္ကာပူ၊ ဇူလိုင်လ ၁၀ ရက်)
ဇွဲကပင် မျိုးချစ် ကရင် လူငယ်အဖွဲ့ (စင်္ကာပူ) က ကြီးမှူးကျင်းပမည့် တတိယအကြိမ်မြောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ အမျိုးသားရေး အနှစ်သာရ မပျောက်ပျက်အောင် ဆင်ယင် ကျင်းပနိုင်ရေးအတွက် အသေးစိတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တစ်ရပ်ကို ယနေ့ ညနေပိုင်းက စင်္ကာပူနိုင်ငံ ပင်နီစူလာ ပလာဇာအနီးရှိ စုရပ်တစ်ခုတွင် ကျင်းပ ပြုလုပ်ခဲ့ကြသည်။ သတင်း ဆက်လက်ဖတ်ရှုရန် ဒီနေရာကိုနှိပ်ပါ။

Sunday, 22 May 2011

ဇွဲကပင်မျိုးချစ်လူငယ်(စင်္ကာပူ)က ပြည်တော် အပြီးပြန်တော့မည့် အဖွဲ့ဝင် မိသားစုအား နှုတ်ဆက်ပွဲကျင်းပ

(စင်္ကာပူ မေလ ၂၁ ရက်)
စင်္ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ အပြီးပြန်တော့မည့် နန်းမူမူအေးနှင့် အမျိုးသားအား ဇွဲကပင် မျိုးချစ် ကရင် လူငယ် (စင်္ကာပူ) ကစုပေါင်းပြီး နှုတ်ဆက်ပွဲတစ်ရပ်ကို ယနေ့ညနေ ၈နာရီက စင်္ကာပူနိုင်ငံ Chinese Garden တွင် ကျင်းပခဲ့ကြသည်။ သတင်း ဆက်လက်ဖတ်ရှုရန် ဒီနေရာကိုနှိပ်ပါ။

Monday, 16 May 2011

စင်္ကာပူနိုင်ငံ တတိယအကြိမ် ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနား လာမည့် သြဂုတ်လ ၇ ရက်နေ့တွင် ကျင်းပမည်

(စင်္ကာပူ၊ မေလ ၁၆ ရက်)
ဇွဲကပင်မျိုးချစ်လူငယ် (စင်္ကာပူ) ရဲ့ တတိယအကြိမ် ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို ယမန်နှစ်က ကျင်းပခဲ့သော စင်္ကာပူနိုင်ငံ အမှတ် 165, Sims Avenue ရှိ Harvest Care Center မှာ ယခုနှစ်၂၀၁၁ခုနှစ် သြဂုတ်လ ၇ ရက်နေ့မှာ စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပမည် ဖြစ်သည်။ သတင်း ဆက်လက်ဖတ်ရှုရန် ဒီနေရာကိုနှိပ်ပါ။

Sunday, 3 April 2011

မြောင်းမြကရင်လေး ဘလော့အား ဇွဲကပင်မျိုးချစ်လူငယ် ဟူသည့် အမည်ဖြင့် ပြောင်းလဲ ထုတ်လွှင့်မည်

ချစ်ကရင် ညီအကို မောင်နှမ အပေါင်းတို့....

ယခု ထုတ်လွှင့်ထားသော မြောင်းမြကရင်လေး ဘလော့အား ဧပြီလ (၁၇) ရက်နေ့မှ စပြီး စင်္ကာပူရောက် ကရင့်အမျိုးသားရေး လှုပ်ရှားမှုကို စွမ်းစွမ်းတမံ လှုပ်ရှားနေသော ဇွဲကပင် မျိုးချစ် ကရင် လူငယ်အဖွဲ့ (စင်္ကာပူ) ၏ ကိုယ်စားပြု ဘလော့အဖြစ် ပြောင်းလဲကာ ဇွဲကပင်မျိုးချစ်လူငယ် (စင်္ကာပူ) ဘလော့အဖြစ် ပြောင်းလဲ ထုတ်လွှင့်မည်ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။

အဆိုပါ ဘလော့ကို မူလအတိုင်း http://myaungmyakayinlay.blogspot.com/ ဟူသည့် အင်တာနက် လိပ်စာဖြင့် ဆက်လက် ၀င်ရောက် ကြည့်ရှု နိုင်ရုံသာမက www.zwekabinyouth.co.cc ဟူသည့် အင်တာနက် လိပ်စာဖြင့်လည်း ၀င်ရောက် ကြည့်ရှု နိုင်မည် ဖြစ်သည်။

မရှင်းလင်းသည်များ ရှိပါက kayinlay.myaungmya@gmail.com သို့ မေးလ် ပို့ကာ ရှင်းလင်းချက်များကို စုံစမ်းမေးမြန်းနိုင်ပါသည်။

Monday, 21 March 2011

မြောင်းမြကရင်လေး မွေးဖွားမှတ်တမ်း


ချစ်ကရင် ညီအကို မောင်နှမတို့...

ယတို့ ကရင်တွေဟာ ဟိုးနှစ်ပေါင်း ပဝေသနီကတည်းက ကရင် လူမျိုးရယ်လို့  ဖြစ်တည်လာခဲ့ကြတာပါ..။ ရေကြည်ရာ မျက်နုရာမှာ ဘ၀ကို လှုပ်ရှား ရုန်းကန်ခဲ့ကြရတာကြောင့် အရှေ့ပိုး၊ အနောက်ပိုး၊ စကော... စသည့်...စသည့်... ကရင်မျိုးနွယ်စုတွေဟာ ကွဲခဲ့ကြရပေမယ့်... ကရင်တွေဟာ ဘယ်နေရာရောက်ရောက် ကရင်တွေပါပဲ...။ ရိုးသားမှု၊ ပွင့်လင်းမှု၊ သစ္စာရှိမှု၊ သနားညှာတာတတ်မှု၊ ချစ်ခင်မှု၊ ရိုင်းပင်းတတ်မှုတွေကတော့ ပြောလို့ကို မကုန်နိုင်စရာပါပဲ...။

ဒါကြောင့်လည်း ယ ဟာ... ... ယ တို့ရဲ့ ကရင့်ဘိုးဘွားတို့၏ ရိုးရာ အမွေအနှစ်တွေကို မြတ်မြတ်နိုးနိုးနဲ့ လေ့လာ လာခဲ့ပါတယ်... သိပ်ချစ်စရာကောင်းတဲ့ ရိုးရာ အမွေအနှစ်တွေကတော့ ပြောပြလို့  မကုန်နိုင် လောက်အောင်ပေါ့...။

ဒီလိုနဲ့ ယ ဟာလည်း ယ တို့ ကရင့် အမျိုးသားရေး သမိုင်းမှာ တတ်နိုင်သလောက် မှတ်တိုင်ငယ်လေး တစ်ခုဖြစ်ချင်လာခဲ့ပါတယ်...။ ဒီလိုနဲ့ ယ ရှိနေတဲ့ ဒေသက ယ သိပ်ချစ်ရတဲ့ ရွှေကရင် မောင်နှမတွေရဲ့ ရောက်ရာနေရာကနေ ကျရာ အမျိုးသားရေး တာဝန်တွေကို ပုခုံးပြောင်း လက်ဆင့်ကမ်း သယ်ဆောင် ထမ်းရွက်နေတာတွေ တွေ့တော့ ၀မ်းသာ ကြည်နူးစွာနဲ့ သူတို့ရဲ့ သမိုင်းပေးတာဝန် ထမ်းရွက်နေပုံကို ကမ္ဘာ့ နေရာစုံကို ရောက်နေတဲ့ ရွှေကရင် ညီနောင်များကို ၀မ်းသာအားရ သိရှိစေချင်တာ အတိုင်းထက် အလွန်ပါပဲ...။ ဒီလိုနဲ့ပဲ ယ ဟာ Youtube မှာ Myaungmyakayinlay Channel ကို စတင်လို့ ဖန်တီး မွေးဖွားပေးခဲ့ပါတယ်... အဲသည့်မှာ ကတော့ ယ ရောက်လေရာမှာ သိရသမျှ ရွှေကရင်တွေရဲ့ သမိုင်းတင် ဗွီဒီယို မှတ်တမ်းတွေကို တင်ပြပေးနေတာပေါ့....။ ဒါ့အပြင် ယ ရဲ့ facebook ကနေလည်း ယ တို့ ကရင်တွေရဲ့ အမျိုးသားရေး တာဝန်ထမ်းဆောင်နေတဲ့ ပုံရိပ်တွေကို တတ်နိုင်သလောက် တင်ပေးနေပါတယ်....။ အခု ''မြောင်းမြကရင်လေး'' ဘလော့ကတော့ အားလုံးကို တစုတဝေးတည်း ကြည့်ရအောင်လို့ ရွှေကရင်တို့အတွက် ယ တတ်သလောက်လေး စတင် ဖန်တီးလိုက်ပါတယ်...။ ဒီ ''မြောင်းမြကရင်လေး'' ဘလော့ကို တတ်နိုင်သလောက် အမြဲ သတင်းဆန်းလေးတွေ တင်ပေးနေနိုင်ဘို့ ကြိုးစားနေမှာပါ...။ ဒီဘလော့လေးဟာ ကရင့် မျိုးနွယ်စု အားလုံးကို ကိုယ်စားပြု သွားမှာ ဖြစ်ပါတယ်။  ဒီဘလော့ဟာ အခြား မည်သို့သော လူမှုရေး၊ စီပွားရေး၊ နိုင်ငံရေး အမြတ်ထုတ်မှု တစုံတရာကိုမှ လုံးဝ (လုံးဝ) မရည်ရွယ်ပါကြောင်းနှင့် ကရင့် အမျိုးသား စာပေနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုး တိုးတက်ရေးကိုသာ ရည်ရွယ်ပါကြောင်း... ...

လေးစားစွာဖြင့်...


(မြောင်းမြကရင်လေး)